Thursday, April 19, 2018

လျို့ဝှက်​ဆန်းကြယ်​မှုများနှင့် ဖိုလ်​၀င်​​တောင်

ဖိုလ်ဝင်တောင်ကျောက်ရုပ်တွေသာ စကားပြောတတ်ခဲ့မယ်ဆိုရင်
---------------------------------------------------------------------
ဖိုလ်ဝင်တောင်ဟူသော အမည်ကို ကြားဖူးကြ သူများအဖို့ ဇော်ဂျီ၊ အဂ္ဂိရတ်၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များ၏ လောကီဝိဇ္ဇာရေးဆိုင်ရာ ဓာတ်စခန်းနေရာဟု အတွေးပုံရိပ်ဖြစ်ပေါ် ကြပါလိမ့်မည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မင်းစုကျေးရွာအနီးရှိ ရှေးဟောင်းသာသနာ့နယ်မြေ ဖိုလ်ဝင်တောင်သည် ပထဝီသဘောအရ မြောက်လတ္တီတွဒ် (၂၂° ၁၃') ၊ အရှေ့လောင်ဂျီတွဒ် (၉၄° ၅၈') ၊ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၉၅၀) ခန့်၊ မုံရွာမြို့ညောင်ပင်ကြီး ဇက်ဆိပ်နှင့် (၁၄) မိုင်ကွာဝေးသော ချင်းတွင်းမြစ် အနောက်ဖက်ကမ်းတွင် တည်ရှိလေသည်။

 
ဉာဏ်မမှီနက်နဲခြင်းများစွာ တို့ဖြင့် ဘဲဥအစရှာသည်ပမာ လျှို့ဝှက်ချက်တို့ဖြင့် ပြည့်နက်နေ သည်သာမက တောင်နံရံတို့တွင် ခေတ်အဆက်ဆက် ကျောက်လှိုဏ်​ပေါက်များထွင်းထုပြီး အတွင်း၌ နံရံပန်းချီ ၊ ပန်းတော့ ၊ ပန်းတမော့ အထုံ အမွမ်းတို့ဖြင့် တန်ဆာဆင်ထားသော ရှေးပြတိုက်ဟောင်း တစ်ခုပမာ ဆန်းကြယ်နေသည်။ ဤနေရာကို မည်သူက၊ မည်သည့်ရာစုတွင်၊ မည်သည့်အတွက်ကြောင့် ထွင်းထုခဲ့သည်ဆိုသည့်​ တိကျခိုင်​မာသောသက်သေ အထောက်ထား အဖြေကိုမူ မဖော်ထုတ်နိုင်ကြခြင်းကလည်း ဖိုလ်ဝင်တောင်၏ စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းရင်းတစ်ခု ဖြစ်နေပြန်သည်။

 ဖိုလ်ဝင်တောင်သည် ရှေးဟောင်းသမိုင်းဝင် နေရာဖြစ်သော်လည်း ရှေးဆရာကြီးများ၏ သမိုင်း အထောက်အထားအတွက် စာရွက်စာတမ်း၊ မှတ်တမ်း မှတ်ရာများ လုံးဝမရှိသဖြင့် မူလအစကို ခြေရာခံရန် ခက်ခဲကြောင်း အနောက်တိုင်း သမိုင်းပညာရှင်များကပင် ဝန်ခံသည်။ မြန်မာနိုင်ငံသို့ အစောဆုံးလာရောက်ကာ သမိုင်းသုတေသန ပြုလုပ်ခဲ့သော ဗြိတိသျှသမိုင်း ပညာရှင် ချားလ်စ်ဒူရွိုင်ဆယ်က ဖိုလ်ဝင်တောင်မှ အစောဆုံးကျောက်ဂူများသည် ပျူလူမျိုးတို့၏ လက်ရာဖြစ်ကြောင်း ပါးစပ်ရာဇဝင်ရှိသည်ဟု (၁၉၁၄-၁၅) ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သည်။ ပျူလူမျိုးများသည် ပထမရာစုနှစ်အတွင်း ချင်းတွင်းမြစ်ဝှမ်းအောက်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်စဉ် ထိုဂူများကို ပြုလုပ်ခဲ့ဟန် တူကြောင်း ထိုသမိုင်းပညာရှင်က မှတ်ချက်ရေးထား ခဲ့ပါသည်။ စကားမပြောနိုင်သော်လည်း ​ကျောက်​ရုပ်​ထုများက အခိုင်မာဆုံး မြေပေါ်အထောက်အထားများ ဖြစ်ပါသည်။ ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက ''အထောက်အထား မရှိလျှင် သမိုင်းမဖြစ်ဘူး'' ဟု ပြောခဲ့သော်လည်း ဖိုလ်ဝင်တောင် သည် သမိုင်းမရှိဘဲ ပေါ်ထွန်းလာခြင်းမဟုတ်၊သမိုင်းအခိုင်အမာ မရှိခြင်း၊ သမိုင်းအထောက်အထား ရှားပါးခြင်းသာ ဖြစ်ပါသည်။

ဒဏ္ဍာရီအရ ဖိုလ်ဝင်တောင်ကို ကောဇာသက္ကရာဇ် (၄၁၂) ခုနှစ်တွင် ပျူမင်းပြုံးမင်းအမည်ရ ဗန္ဓဝဘုရင်က တည်ခဲ့သည်ဟုဆိုသည်။ ဗန္ဓဝမြို့(ရမ္မဝတီ၊ ပုညဝဍ္ဎနမြို့)သည် ချင်းတွင်းနှင့် ဧရာဝတီအကြား တည်ရှိကာ သထုံမနူဟာဘုရင် ၊ တရုတ်ဥတည်ဘွား၊ ပုဂံအနော်ရထာတို့နှင့်ခေတ်ပြိုင် တည်ရှိခဲ့ပြီး ၊ အနော်ရထာမှ ရွှေစည်းခုံစေတီ ထီးတော်တင်လှူရာတွင် ဗန္ဓဝမင်းကို ဖိတ်ကြားရာမှ ကြည်ညိုစိတ်ဖြစ်မိပြီး ပုဂံမှအပြန် သာသနာပြုလိုစိတ်ကြီးစွာ ဖြစ်ပေါ်မိရာ ပုဂံကဲ့သို့ဘုရားများကိုအုတ်ဖြင့်တည်လျှင် သာသနာနှစ် ငါးထောင်ထိ ကြာရှည်ခံနိုင်မည်မဟုတ် ၊ ကျောက်ဖြင့် တည်ရန် စိတ်ကူးမိသည်။ ဗန္ဓဝမင်းသည် ပညာဗလအမတ်နှင့် နောက်လိုက် (၅၀) တို့အား လက်ပန်းတောင်းတောင် အပါအဝင် တောင် (၃၃) လုံးကိုရှာဖွေစေရာ သက်တမ်းရင့်ကျောက်သား ပကတိနှင့် ပိန်းကောလှေမှောက်ထားသကဲ့သို့ တောင်ကိုတွေ့လေသည်။ ဆင်မြင်းရေစာအတွက် ထိုတောင်အနောက်ဖက် (၅)မိုင်ခန့်အကွာ ၊ ကျုံးကဲ့သို့ ရေယာဉ်ပတ်လည် ရှိ၍ ကံ့ကူဆံဖြင့် မြေပုံဆွဲကာ ဘုရင်အား သတင်းပို့သည်။
ဘုရင်သည် ကျောက်သား ထွင်းထုအမွမ်း ခြယ်သရန် ပန်းချီ၊ ပန်းပု၊ ကျောက်ထု၊ ကျောက်ဆစ်ပညာသည်များကို၎င်း၊ တောခုတ် အမိန့်တော်ထုတ်ပြန် ကြေငြာကာ လှည်းမြင်း၊ဆင်ယာဉ်၊ ဝန်တင်နွားလား၊ လက်နက်ကိရိယာအစုံဖြင့် ညီတော် သုဗန္ဓာမင်းသား၊ မိဖုရား မောင်းမမိဿံများနှင့် ချီတက်ကာ မင်းစုရွာတွင်တပ်စွဲပြီး ဆုတောင်းပြည့်၊ တောင်းတိုင်းပြည့်၊ တတိုင်းပြည့် ၊ တင်းတင်းပြည့်၊ ထင်ထင်ပြည့် ၊ သက်တော်ရ၊ သက်တော်ရှည် အစရှိသော ဘုရား(၇)ဆူအပြင် ဘုရားများစွာကို ထွင်းထုလေသည်။ ခြင်္သေ့ (၄)ကောင်ဂူ နှင့် ကွန်းစင်တိုင် မြောက်ဘက် ကပ်လျက်ဂူများ ၊ မိဖုရားဂူ ၊ ဝင်္ဂဘာဂူ ၊ နှစ်ကျိတ်ရှစ်ဆူဂူ ၊ လျောင်းတော်မူ ဘုရားနှင့် ကျောက်စေတီ နှစ်ဆူအောက်ဂူ ၊ ဗုဒ္ဓုပ္ပတ္တိ နှင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော် များနှင့် လောကီသား တို့၏ ဘဝဓလေ့ကို ဖော်ပြသော ပုံများနှင့် ခေတ်ကြေးမုံ ပုံများလည်း ရေးဆွဲခဲ့သည်။ မိဖုရားဂူသည် အပြင်ဖက်တွင် အစောင့်နတ်ရုပ်များနှင့် အတွင်းဖက်တွင် အင်ကြင်းတောဝယ် မြောက်ဖက်သို့ ခေါင်းတော်ချကာ ပရိနိဗ္ဗာန်ပြုနေသော ဘုရားရှင်ဆင်းတုအား လူနတ်ဗြဟ္မာ သတ္တဝါတို့ ပူဇော်နေသည့် နံရံဆေးရေးပန်းချီတို့ဖြင့် တန်ဆာဆင် ထားသည်။ ဖိုလ်ဝင်တောင်တွင် ဘုရားစေတီပေါင်း (၄၄၆, ၄၄၄) ဆူရှိသဖြင့် ပညာရှိများက ရွှေလသာဝါဝါဝင်းဟု စာဖွဲ့ထားခဲ့ပါသည်။ ဤသည်ကား ဖိုလ်ဝင်တောင် ဒဏ္ဍာရီ ဖြစ်သည်။
 

 သမိုင်းရှုထောင့်မှ ကြည့်ပါလျှင် အနော်ရထာ၏ ရွှေစည်းခုံထီးတင်ပွဲ ဖိတ်ကြားသည်ဟူသော အဆိုအရ အနော်ရထာမင်းသည် ရွှေစည်းခုံဘုရား တည်၍ အပြီးမသတ်နိုင်ခင်ပင် နတ်ရွာစံသဖြင့် ကျန်စစ်သားမှပြီးအောင် တည်ခဲ့သည်ဟု ရွှေစည်းခုံသမိုင်းက ဆိုထားသည်။ ထို့အပြင် ပုဂံဘုရား တို့သည် (structure) အရ ထီးပါရှိပြီးသား သာဆောက်ပြီး ယခုသတ္ထုထီးများ မသုံးဟုလည်း ပုဂံ (architect) စာပေများကဆိုပြန်ပြီး ၊ ဗန္ဓဝပြည်ဆိုသည် မှာလည်း သမိုင်းစာပေများတွင် မတွေ့မိချေ။ ထို့ကြောင့် ဤဖိုလ်ဝင်တောင် ဒဏ္ဍာရီကို ဖော်ထုတ်နိုင်ရန် ဘုရားစေတီများနှင့် ရုပ်လုံးရုပ်ကြွများ၊ နံရံဆေးရေး ပန်းချီကားများသည် အကောင်းဆုံး အထောက်အထား ဖြစ်သည်ဟု ဆိုနိုင် ပါသည်။ တောင်ပေါ်တွင် အုတ်​ခွက်ဘုရားများတွေ့ရှိရခြင်း ၊ သက္ကရာဇ် ၁၀၀၀ ကျော် စာတန်းထိုးခေါင်းလောင်း (၈) ခု တွေ့ရသဖြင့် ပုဂံခေတ်ဆိုင်ရာ များတွေ့ရသည်။ သုတေသနရှုထောင့်အရ လှိုဏ်​အပြင်ဘက် အစောင့် ကျောက်ရုပ်များသည် တောင်အမေရိကတိုက်ရှိ မာယာယဉ်ကျေးမှုနှင့် ဆင်သယောင် အချို့မှာအလွန်ပင် အရုပ်ဆိုးအကျည်း တန်ကြသည်။ လှိုဏ်​အတွင်း ဆင်းတုများသည် အကြမ်းအားဖြင့် မျက်နှာတော်ဝိုင်း၍ ဆံတော်များဆူးချွန် ဖြစ်လာကာ ဥဏိဿရောင်လျှံတော် များရှည်စပြုနေပြီ ဖြစ်သလို အချို့သောလှိုဏ်​မုခ်ပေါက် များတွင် မှန်ကင်းတုရင် ၊စိုင်ပေါင်ကြေးကွေ တံကဲပန်း တင်ထားသည်ကိုကြည့် လျှင်လည်း ညောင်ရမ်းနှောင်း အမရပူရ ခေတ်ဦးပိုင်းသို့ ရောက်ရှိနေပြီဟု ညွှန်ပြနေသည်။ နံရံကို ပြေပြစ်အောင် ပြုလုပ်ပြီး နံရံပန်းချီများရေးဆွဲခဲ့ရာ၌ နံရံမင်စာများတွင် အစောဆုံး တွေ့ရသော နံရံဆေးရေး ပန်းချီများကို မြင့်မိုရ်တောင်ဂူ၏ အနောက်ဂူတွင်တွေ့ရပြီး ညောင်ရမ်းခေတ် နောက်ပိုင်း တနင်္ဂနွေမင်းခန့် ဖြစ်ကြောင်း နံရံပန်းချီ ပညာရှင်တို့ ခန့်မှန်းကြသည်။ထိုနံရံဆေးရေးများအားလုံးသည် ကောက်ကြောင်း ဖြင့် ပုံဖော်ကာ နောက်မှ ဆေးဖြည့်ရေးဆွဲခြင်းဖြစ်ပြီး ဆေးအရောင်ကို နီညိုရောင်၊ အဖြူရောင် ၊ အဝါရင့်ရောင် နှင့် အစိမ်းရောင် တို့အသုံးများသဖြင့် ညောင်ရမ်းခေတ် ၊ ကုန်းဘောင်ခေတ်နှင့် ဦးရွှေဘ ဖြည့်စွက်ထွင်းထုထားသည့် ကိုလိုနီခေတ် စသော ခေတ်သုံးခေတ်၏ အနုပညာ ၊ ပန်းချီ ၊ ပန်းပု ၊ဗိသုကာ လက်ရာများ တွေ့ရ လေသည်။ ရသေ့ဂူတန်းဘုရားမှာ လည်း ပြည်တစ်ဖက် ကမ်း အကောက်တောင် ဘုရားများနှင့် တူနေပြန်သည်။


အဘယ်ကြောင့် ဖိုလ်ဝင်တောင်ဟု ခေါ်ရပါ သနည်းဟု မေးမြန်းလာ လျှင်ပင် ဖိုလ်ဝင်တောင်၏ အမည်မှာ အယူအဆ အမျိုးမျိုးဖြစ်နေသဖြင့် ဖြေဆိုရန်ခက်သည်။ ဥစ္စာစောင့် မောင်ဖိုးဝိုင်းနှင့် မသင်းကြိုင် တို့စောင့်ရှောက် သော တောင်ဖြစ်သဖြင့် ဖိုးဝိုင်းတောင်ဟု ခေါ်ကြောင်း ပြောသူများရှိသလို ၊ ဇော်ဂျီဦးဖိုးဝင်း လှည့်လည်ကျက်စား ဆေးမြစ်ရှာဖွေ သည့်တောင် ဖြစ်သဖြင့် ဖိုးဝင်းတောင်ဟု ခေါ်ကြောင်း ပြောသူများလည်း ရှိပါသည်။ ညအချိန်တွင် တောင်ထိပ်မှ ဇော်ဂျီများဖိုလ်ထိုးရာ ဝင်းဝင်းဝါဝါ အရောင်များ ထွက်လေ့ရှိသဖြင့် ဖိုလ်ဝင်းတောင်ဟု ခေါ်သည်ကို လူအများစုက လက်ခံကြပါသည်။ ရဟန္တာ အရှင်မြတ်များ တောင်ထိပ်တွင် ဖလသမာပတ် ဖိုလ်ဝင်စားစဉ် အလင်းရောင် များ ပြိုးပြိုးပြက်ပြက် ထွက်ခြင်းကို အကြောင်းပြု၍ ဖိုလ်ဝင်တောင်ဟု ခေါ်ခြင်း ဖြစ်သည် စသဖြင့် အမျိုးမျိုးယူဆကြသည်။
၁၉၂၆ ခုနှစ်ခန့်က ရွှေစကားမယ် ဇာတ်ကားအမည်ဖြင့် ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက ထုတ်လုပ်သောဇာတ်ကားတွင် ဇော်ဂျီ ဖိုးဝင်းသည် အောင်သိဒ္ဓိရေကန်အနီး လှိုင်ဂူတွင် နေထိုင်လျက် အဂ္ဂိရတ် ဖိုထိုးကာ ဝိဇ္ဇာတန်ခိုး ဖြင့် လှည့်လည်ကျက်စား လေရာ တရုတ်စကားပန်းပင်မှ ပန်းတစ်ပွင့်သည် လှုပ်ရှားရင်း နတ်မိမယ်လို လှပသောရွှေစကားမယ် မိန်းက လေးကို မွေးဖွားပေး ခဲ့သည်။ ဇော်ဂျီသည် ထိုစကားမယ်လေးကို မွေးစားခဲ့ပြီး (၁၆) နှစ်လုံးလုံးအပြင် မထွက်ရန် မှာကြားကာ ဆေးမြစ်ရှာ ထွက်လေ့ရှိ သည်။ စကားမယ်လေးသည် တစ်နေ့တွင် အပြင်ထွက်လို လှသဖြင့် အောင်သိဒ္ဓိ ရေကန်​သို့ ကြာပန်းထွက်ခူးရာ တောလိုက်ရင်း မျက်စိလည် လာသော ပုဂံမုဆိုးက မြင်တွေ့သွားသဖြင့်​ စကားမယ်လေး လည်း လှိုဏ်​ဂူတွင်း ဝင်ပြေးလေသည်။ ထိုအခိုက်ဇော်ဂျီ ပြန်အလာတွင် မုဆိုးကိုတွေ့လေရာ ထိုကိစ္စမည်သူ့မျှ မပြောရန်မှာကြားပြီး ပုဂံအရပ်သို့ လမ်းညွှန်လိုက်သည်။ မုဆိုးသည် မနေနိုင် သဖြင့် ပုဂံဘုရင်ကို ပြောပြလေရာ ဘုရင်သည် သူ့အနားရှိ အပျိုတော်စုန်းမကို ၁၂ ကြိုးကဝေပညာအတတ်ဖြင့် လင်းတငှက်အားဝင်ပူးကာ ကောင်းကင်ခရီးဖြင့် စကားမယ်လေးအား ပုဂံပြည်သို့ ခိုးယူပေးခဲ့သည်။ ဇော်ဂျီပြန်အလာ စကား မယ်လေးကိုမတွေ့သဖြင့် ဝိဇ္ဇာမယသိဒ္ဓိဖြင့် ဣစ္ဆိတာလိုရာကြည့်သော် ပုဂံ ထီးနန်းတွင် တွေ့လေသဖြင့် ဘုရင်ကိုပြန်ပို့ရန် အိပ်မက်ပေးခဲ့သည်။ ဘုရင်ပြန် ပို့သော်ငြားလည်း စကားမယ်လေး မှာ ဘုရင်ကိုချစ်ကြိုးသွယ်မိသွား သဖြင့် လွမ်းဆွတ်တမ်းတရင်း ရင်ကွဲနာကျသေလေသည်။ ဖိုလ်ဝင်တောင်၏ သမိုင်း နောက်ခံနှင့် ပတ်သက်၍ နိုင်ငံခြားသားသမိုင်းပညာရှင်၏အယူအဆဖြစ်သည့် ဘုရားစေတီပေါင်း ၄၄၄၄၄၄ ဆူရှိမည် ဟုဖော်ပြခဲ့ပြီး ဒေသခံတို့က ဘုရား စေတီပေါင်း ၄၄၆၄၄၄ ဆူ ရှိသည်ဟု မှတ်သားထားရာ ဘုရားစေတီ ၂ဝဝဝ ကွာခြားနေပါသည်။ ထို့ကြောင့် ဖိုလ်ဝင်တောင်၏ သမိုင်းအတိကျသိရှိရန်သည် ကျောက်ရုပ်များ လှုပ်ရှား၍ စကားပြောမှသာလျှင် အဖြေသိရတော့ပါမည်။



မည်သို့ပင်ဆိုစေ ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်သည့်အလျောက် ထိန်းသိမ်းမှု ပြုလုပ်ရပါမည်။ ဆင်းတုတော်များ နံရံဆေးရေး ပန်းချီ၊မင်စာများ ရေရှည်တည်တံ့နိုင်ရေး လူနှင့်ထိုဒေသရှိမျောက်တို့ ပယောဂကြောင့် မပျက်စီး စေရန် ၊ အထူး ထိန်းသိမ်းရမည်ဖြစ်သည်။ ထို့အပြင် မျောက်စာ ကြွေးရင်း ၊ အမှိုက်မြောက်များစွာ စွန့်ပစ်ခြင်း၊ ဘုရားဖူးများ အမှိုက် လွယ်လင့်စွာ စွန့်ပြစ် ခြင်းတို့သည်​ ရှားပါး အမျိုးသားအမွေဖြစ်လေသော ဖိုလ်ဝင်တောင် အလှကို ပျက်စီးအကျည်းတန်စေသည်။ ထိုလိုအပ်ချက် များစွာကို ထိန်းသိမ်းနိုင်မှ သာ ဖိုလ်ဝင်တောင်သည် အိန္ဒိယနိုင်ငံရှိ သဘာဝကျောက်တောင်ကို လူတို့၏ လက်ဖြင့် ထွင်းထားသော အဂျန်တာ လိုဏ်ဂူနှင့်အလိုဟာ လိုဏ်ဂူများ ကဲ့သို့ ထင်ရှားကျော်ကြားလာပါမည်။

သုခုမအလင်းတန်းများ

Ref :
- ဖိုလ်ဝင်တောင်တော်မြတ်သမိုင်း (အတ္ထုပ္ပတ္တိ)
- ဖိုလ်ဝင် ၊ နွားသိုး ၊ ဖန်ခါး၊ ရွှေဘလေးဌာန
- မြန်မာ့ရိုးရာပန်းတမော့ပညာ
- နံရံဆေးရေးပန်းချီ (ထိန်းသိမ်းခြင်း)
Credit သုခုမ အလင်းတန်းများ